Pages
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိ ရှိနေကြစို့။
Saturday, March 24, 2012
ဗြဟ္မဒဏ္ဍ(သို့)ဗုဒ္ဓခေတ်ဆန်ခ်ရှင်း
န ဘဇေ ပါပကေ မိတ္တေ၊
န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊
ဘဇေထ ပုရိသုတ္တမေ။
သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။
(ဓမ္မပဒ၊ ၇၈)
(၁)
ငယ်စဉ် နားထောင်ခဲ့ရတဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေက ခပ်များများပါ။ အိမ်မှာ နေခဲ့ရတဲ့ ကလေးဘ၀က ခပ်နည်းနည်းမို့ ဘုန်းတော်ကြီးကျောင်းပရိဝုဏ်ထဲက ကိုရင်လေးဘ၀နဲ့ နားထောင်ခဲ့ရတဲ့ ပုံပြင်တွေက ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေပဲ ဖြစ်ခဲ့တာ သဘာဝကျပါတယ်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေးရဲ့ငယ်ဘ၀ဖွားမြင်တော်မူခန်းက အံ့ချီးဖွယ်ရာတွေ၊ ခမည်းတော်ရဲ့ လယ်ထွန်မင်္ဂလာပွဲမှာ လူတွေအုံကျင်းဖွဲ့ မျှော်မောနေကြချိန် ပီဘိကလေးမျှသာ ဖြစ်တဲ့ အလောင်းတော်မင်းသားလေးက သစ်ပင်ရိပ်တစ်ခုမှာ တရားဘာဝနာစီးဖြန်းနေပုံတွေ၊ လုလင်ပျိုဘ၀ လေးတော်တင်ခန်းအဆုံးမှာ ရွှေမင်းသမီးလေးယသော်ဓရာနဲ့ ၀တ်မှုံကူးပွဲတော်ကျင်းပခဲ့ပုံတွေ ၊
အဲဒီ ပြည့်စုံမှုတွေကိုပဲ အဆုံးမဲ့သံသရာသင်္ချိုင်းအဖြစ်ရှုမြင် လောကီနေ့ရက်တွေကို ငြီးငွေ့စွာ ရွှေနန်းအဆောင်ဆောင်နဲ့ စည်းစိမ်ရိပ်ငြိမ် ဂီတစံအိမ်တွေကို စွန့်ခွာလို့ တောရပ်မှီးတော်မူခဲ့ပုံတွေက ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေထဲထိ စီးဝင်နေခဲ့ပါတော့တယ်။ ဗုဒ္ဓ၀င်ဇာတ်ဝင်ခန်းတွေထဲက ဇာတ်ကောင်တွေဟာလည်း ကလေးဘ၀က ကစားဖော်တွေလို ရင်းနှီးနေခဲ့ပြန်ပါတယ်။ အဲဒီလို ရင်နှီးနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မြင်းမြီးဆွဲ မောင်ဆန်ရဲ့ ပုံရိပ်ဟာ ကြွကြွရွရွ ရှိနေခဲ့ပါတယ်။
ဝါဆိုလပြည့်ည တိတ်ဆိတ်ငြိမ်ဆိတ်မှုတွေ ကြီးစိုးနေချိန် အမှန်တရားအစစ်ကို ရှာဖွေဖို့ ထွက်ခွာတော်မူမယ့် သိဒ္ဓတ္ထအရှင်ရဲ့ ယုံကြည်ကိုးစားမှုကို ခံယူခဲ့ရသူ၊ ဘွားဖက်တော်မြင်းမြတ်ရဲ့ အကူအညီနဲ့ အနော်မာသောင်ကမ်းဆီအရောက် နောက်တော်ပါးက လိုက်ပါခွင့်ရခဲ့သူ မောင်ဆန်ဟာ သူရဲကောင်း ဆန်နေခဲ့ပါတယ်။
အလောင်းတော်က အနော်မာသောင်ကမ်းမှာ ဆံတော်ကို ပယ်၊ ဖန်ရည်စွန်းအဝတ်ကို တွယ်ဖက် ။ သပိတ်ခွက်ကို လက်စွဲပြီး စိမ်းစိမ်းရဲရဲကြီး လှည့်ထွက်သွားတော်မူသွားတဲ့အခါ ရင်ကွဲနာကျသေတဲ့ စီးတော်မြင်းဘေးမှာ ငိုကြွေးလို့ နေပြည်တော်ဆီ သတင်းပေးဖို့ ခေါင်းငိုက်စိုက်ချကာ တရွေ့ရွေ့ပြန်သွားနေတဲ့ မောင်ဆန်ရဲ့ ပုံရိပ်ဟာ ကြေကွဲစရာပါပဲ။
ဒါပေမယ့် ကိုရင်လေးဘ၀ကိုလွန်မြောက်လို့ ပိဋကတ်စာပေတွေကို တစ်ဆင့်တိုးသင်ယူခွင့်ရတဲ့အခါမှာတော အဲဒီမောင်ဆန်ဟာ အသွင်တစ်မျိုးဖြစ်နေခဲ့ပါပြီ။ ရဟန်းတော်ရှင်ဆန္နအဖြစ်နဲ့ အားလုံးရဲ့ မစ္စတာအန်ဂျော်လောဖြစ်နေခဲ့ပါပြီ၊ အော်ကြော်လန်နေတော့တာပါ။
(၂)
မောင်ဆန်နဲ့လမ်းခွဲထွက်ကြွတော်မူတဲ့ သိဒ္ဓတ္ထအရှင်ဟာ ဥရုဝေလတောစခန်းမှာ အကျင့်မှားတွေနဲ့ ခြောက်နှစ်ခြောက်မိုး တ၀ဲလည်လည်ဖြတ်သန်းပြီးချိန်မှာမှ မဇ္ဈိမပဋိပဒါလမ်းအမှန်ကို တွေ့ရှိပြီး ဂယာအနီးက ဗောဓိညောင်အရိပ်မှာ တစ်လောကလုံး ငိုသံတိတ်စေမယ့် အထွတ်အထိပ်တရားမြတ်ကို သိမြင်ကာ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။ အဲဒီနှစ် ပထမ၀ါတော်မှာ ဗာရာဏသီ မိဂဒါဝုန်ကို ကြွရောက်ပြီး ဓမ္မစကြာတရားနဲ့ အနတ္တဒေသနာကို ကိုယ်တော်မြတ်ရဲ့ manifesto အဖြစ် အတ္တ၀ါဒီတွေကြားထဲမှာ တရားဝင် ကြေငြာတော်မူခဲ့ပါတယ်။
ပဉ္စ၀ဂ္ဂီရဟန်းငါးပါးတို့လို နိုင်ငံရေးပရောဖက်ကြီးတွေ။ ယသလုလင်နဲ့ သူမိတ်ဆွေသူဌေးသားတို့လို ဂုဏ်သရေရှိ လူကုန်ထံတွေ။ ဘဒ္ဒီဝဂ္ဂီညီနောင်သုံးကျိပ်လို မင်းညီမင်းသားတွေနဲ့ ဥရုဝေလကဿပအပါအ၀င်ရသေ့ညီနောင် ရှင်တစ်ထောင်တို့လို ဘာသာရေးခေါင်းဆောင်တွေကို ပထမ၀ါတော်မှာပဲ သိမ်းသွင်းစည်းရုံးနိုင်ခဲ့တဲ့အတွက် သာသနာတော်ဟာ အဆင့်မြင့်တဲ့ အထင်ကြီးစရာအဖွဲ့ကြီးအဖြစ် စတင်နိုင်ခဲ့တာပါ.။
အကျိုးဆက်အနေနဲ့ ဒုတိယ၀ါမ၀င်မီမှာပဲ ခေတ်ကာလရဲ့ အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ မဂဓတိုင်းရဲ့ ဘုရင် ဗိမ္ဗိသာရကိုယ်တိုင်နဲ့ တိုင်းသားပြည်သူတွေက ဘုရားအစစ်နဲ့ တရားအသစ်ကို အုတ်အုတ်ကျက်ကျက် ကိုးကွယ်ကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီသတင်းတွေက မဇ္ဈိမတိုက်ကြီးတစ်ခုလုံးကို လွှမ်နေတာဆိုတော့ ဇာတိမြေကပိလ၀တ်ကလည်း ကြားရပါပြီ ။ အဲဒီတော့လည်း ဘုရားရှင့်မျက်နှာကလည်း ကြီးပြီမို့ ဆွေဘုရား မျိုးဘုရားကို လွမ်းသလေး ဘာလေးဖြစ်ကုန်ကြတော့တာပါပဲ။
ဒီတောလည်း ဘုရားပင့်ဆောင်ရေးစီမံကိန်းကြီးချမှတ် အစည်းအဝေးတွေ အကြိမ်ကြိမ်ကျင်းပကြတော့ကလား။
တကယ်တော့ ဘုရားရှင်ဟာ မိဘဆွေမျိုးတွေရဲ့ ဆန္ဒကို ကျောခိုင်းပြီး တစ်လောကလုံးရဲ့ မျက်ရည်တွေ သုတ်ပေးဖို့ လမ်းကြမ်းကြမ်းတွေ လျှောက်ကာ လမ်းအသစ်ကို ဖောက်ခဲ့ရတာမဟုတ်လား။ မိရိုးဖလာကို ချိုးဖောက်လို့ တိမ်းမှောက်သွားခဲ့ရင်တော့ ကပိလ၀တ်သမိုင်းလည်း ပြောင်းသွားနိုင်တာပေါ့လေ။
(၃)
ဘုရားရှင်ရဲ့ပြည်တော်ပြန်နေ့ရက်တွေမှာ ဆွေတော်မျိုးတော်တို့ရဲ့ ကြိုဆိုမှုက လှိုက်လှဲမှု အပြည့်ရှိခဲ့ပေမယ့် သာကီဝင်တို့ရဲ့ မာနနဲ့ အလွယ်တကူဦးညွတ်ဖို့တော့ ခက်ခဲခဲ့ ကြပြန်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားရှင်ရဲ့ အနှိုင်းမဲ့ မေတ္တာတော်နဲ့ ကရုဏာအသရေတော်က သာကီဝင်တို့ရဲ့မာနတောင်ထွတ်ကို ဖြိုချပစ်နိုင်ခဲ့ပါတယ်။
အဲဒီမှာမှ ငါတို့ဘုရားမှ ငါတို့ဘုရားဖြစ်ကုန်ကြတာပါ။
ဒါထက်ပိုသွားတာက ခတ္တိယဘုရားကို ခတ္တိယဆွေတော်မျိုးတော်တွေ ၀န်းရံရေး အယူအဆတစ်ရပ်ပေါ်ပေါက်လာတာပါ။ ဒီလိုနဲ့ ကပိလ၀တ်မြို့ပြမှာ ရှင်တစ်ရာ ရှင်တစ်ထောင်ဝတ်ပွဲတွေက ပေါ်ပြူလာဖြစ်သွားတဲ့အထိပါပဲ။
အဲဒီခြိမ့်ခြိမ့်သဲရှင်ပြု ပွဲကြီးတွေနဲ့ သီးခြားပုဂ္ဂလိက ရဟန်းဝတ်ပွဲတွေမှာ အစစ်အမှန်ပဗ္ဗဇ္ဇိတွဖြစ်တဲ့ ရှင်အာနန္ဒာ ရှင်အနုရုဒ္ဓါ ရှင်ဘဒ္ဒိယ ရှင်ကိမိလတို့လို မဟာပါရမီရှင်ပုဂ္ဂိုလ်မြတ်တွေ ပါဝင်သလို သာသနာရဲ့ အကြီးဆုံးဆူးညှောက်ဖြစ်လာမယ့် ရှင်ဒေ၀ဒတ်၊ ပစ္စည်းလာဘ်လာဘနဲ့ ဒကာဒကာမတွေနောက်ပဲ တကောက်ကောက်လိုက်တတ်တဲ့ ရှင်ဥပနန္ဒ။ တသမ်းသမ်းတဝေေ၀နဲ့ ပျင်းရိပျင်းတွဲ နေတတ်တဲ့ ရှင်တိဿတို့လို ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတော့တာပါ။
ရဟန်းမှ မ၀တ်ရင် ခေတ်မမီတော့တဲ့ အခြေအနေမှာ မြင်းမြီးဆွဲမောင်ဆန်ဟာလည်း ရှင်ဆန္နအဖြစ် အသွင်ကူးပြောင်းခဲ့ပါတော့တယ်။
(၄)
ရှင်ဆန္နရဟန်းဖြစ်လာတော့ ဘုရားရှင်းကြွတော်မူရာ သီတင်းသုံးရာ တိုင်းကြီး ပြည်ကြီးတွေဆီ လိုက်ပါခဲ့ရပါတယ်။ အဲဒီမှာ ပြဿနာက ခတ္တိယဘုရားကို ခတ္တိယဆွေတော်မျိုးတော်တွေ ၀န်းရံရေးအယူအဆကို ဘာသာပြန်အမှားကြီးနဲ့ဆုပ်ကိုင်ထားတာဟာ သူ့အတွက် နစ်နာစရာတွေဖြစ်လာတော့တာပါ။
ဘုရားရှင်က သာသနာဆိုတဲ့ ပင်လယ်ထဲရောက်နေပါပြီ။ ရှင်ဆန္နတို့က ခတ္တိယမြစ်ထဲမှာ ကူးချင်ကြတုန်းပါ။ ဒီတော့လည်း ဘုရားရှင်ဘေးမှာ ထည်ထည်ဝါ၀ါဝန်းရံခွင့် ရနေတဲ့ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးနှစ်ပါးကို အမြင်ဝါးနေတော့တာပါပဲ။ ကြည့်လိုက်တော့လည်း လက်ျာရံကိုယ်တော်ကြီး ရှင်သာရိပုတ္တရာနဲ့ လက်ဝဲရံကိုယ်တော်ကြီး ရှင်မဟာမောဂ္ဂလာန်တို့က ဗြဟ္မဏမျိုးနွယ်ဝင်တွေ ဖြစ်နေကြတာပါ။
မဇ္ဈိမဒေသရဲ့ ခေတ်အဆက်ဆက်သမိုင်းကားချပ်တွေကို ဖွင့်ကြည့်လိုက်ရင် ခတ္တိယနဲ့ ဗြဟ္မဏဆိုတာက အမြဲတမ်းအားပြိုင်နေကြတဲ့ အမျိုးအနွယ်တွေပဲ။ တစ်ခါတစ်ခါ ရန်သူလုံးလုံးကြီးဖြစ်သွားရတဲ့ ခေတ်တွေတောင်ရှိခဲ့သေးတာပါ။
အဲဒီတော့ ဖြစ်ခြင်းဖြစ်ရင် ဒီလိုကြီးကျယ်ခမ်နားတဲ့ ရာထူးတွေဟာ သူတို့လို ခတ္တိယအနွယ်ဝင်တွေနဲ့သာ ထိုက်တန်ရပေမပေါ့တဲ့။
အဲဒီလို ခတ္တိယချင်းတူရင်တောင် သူ့လို စွန့်စားရတဲ့ ၀ါဆိုလပြည့်တစ်ညက သေမတူရှင်မကွာ လိုက်ပါခဲ့တဲ့ ရဲဘော်ရဲဘက်တစ်ဦးကသာ ပိုပြီးထိုက်တန်တယ် ဆိုတဲ့အတွေးက သူ့ရဲ့နေ့ရက်တွေကို နှိပ်စက်ကြတော့တာပါပဲ။ ဘုန်းကြီးနောက်က ထီးထမ်းပြီးလိုက်ရတာနဲ့ ဘုန်းကြီးဆွမ်းဝိုင်း ၀င်နှိုက်ချင်တော့တာပါ။
ဘုရားရှင်က သာသနာ့မျက်နှာကိုသာ ကြည့်ခဲ့တာဖြစ်ပါတယ် ။ ဆွေမျိုးဉာတိအစွဲနဲ့ အမျိုးဇာတ်နံရံတွေကို ကျော်လွှားပြီး ထိုက်တန်သူသာ ယူစေလုပ်တော်မူခဲ့တာပါ။ ဒါကြောင့်လည်း သာသနာတော်ဟာ ရာစုများစွာတိုင်အောင် ခိုင်ခံ့ခဲ့တာ အဓွန့်ရှည်ခဲ့တာဖြစ်ပါတယ်။
နှမပေးရလို့ ရှင်ကြီးဒေ၀ဒတ်ကို ဘုရားရာထူးလွှဲပြီး အတူတူရဲဘော်ရဲဘက်ချင်းမို့ ရှင်ဆန္နကိုသာ ဓမ္မသေနာပတိရာထူးပေးခဲ့ရမယ်ဆိုရင် သာသနာဆိုတဲ့ ဝေါဟာရဟာ ဒီနေ့ခေတ်အဘိဓာန်တွေထဲမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။
ဘုရားရှင်က ထိုက်တန်သူကို ထိုက်တန်သလို ချီးမြောက်ခဲ့တာပါ။ နှောင်ကြိုးတွေ မရှိပါဘူး။ အရိယာစိတ်နှလုံးဖြူဆွတ်နေတဲ့ ခတ္တိယရဟန်းတော်တွေ အတွက်လည်း ထိုက်တန်တဲ့ နေရာတွေ ချမှတ်ပေးတော်မူခဲ့တာပါ။ ဧတဒဂ်ဘွဲထူးတွေ ဆွတ်ခူးခဲ့တဲ့ ခတ္တိယသူတော်စင်ရဟန်းမြတ်တွေ သာသနာဝင်မှာ အထင်အရှားပါပဲ။
တကယ်တော့ ညီတော် အရင်းခေါက်ခေါက် ရှင်နန္ဒ၊ သွေးသားရင်နှစ်ရှင်ရာဟုလာနဲ့ ကစားဖက် တစ်ဝမ်းကွဲညီတော် ရှင်အာနန္ဒာတို့လို မွန်မြတ်လှတဲ့ ခတ္တိယသွေးစစ်စစ်ကြီးတွေက နေရာအတွက်စကားဟသံ ပိဋကတ်စာမျက်နှာမှာ ကြားကြရမှာမဟုတ်ပေဘူး။
ရှင်ရာဟုလာလေးဆို မိမိကိုယ်ကိုယ်နှိမ့်ချလွန်းလို့ တစ်သာသနာလုံးက သံဃာတော်တွေက ချီးမွမ်းကြရတာပါ။ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးတွေကို ချစ်ကြောက်ရိုသေစွာ သြ၀ါဒခံယူလေ့ရှိတဲ့ ကိုယ်တော်လေးပါ။ ရှင်အာနန္ဒာဆိုရင်လည်း သာသနာတော်မှာ ဘုရားပေးဘွဲ့အများဆုံးရတဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် အသက်အရွယ်တွေရလို့ ဆံတွေဖြူတဲ့အထိ ရှင်မဟာကဿပကိုယ်တော်ကြီးက“ဒီကောင်လေး ” လို့ ခေါ်ပြီး ဆုံးမတဲ့အခါ “ ကရုဏာကြီးစွာ ဆုံးမပေသဟဲ့” လို့ ပီတိဖြစ်လေ့ရှိသူပါ။
(၅)
ဘာပဲဖြစ်ဖြစ် ရှင်ဆန္နကတော့ သူ့ဇာတ်လမ်းသူဆက်ကတာပါ။ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးတွေကို စကားလုံးနဲ့ ထိုးနှက်တော့တာပါ။
ဆစ်ဂမန်ဖရွိုက်ပြောသလို ရန်သူပြိုင်ဘက်ကို ကျောက်ခဲနဲ့ မထုဘဲ စကားလုံးနဲ့ ပစ်ပေါက်တဲ့ ပထမဆုံးလူဟာ Civilization ကို တီထွင်သူပါပဲတဲ့။ ရှင်ဆန္နကလည်း စကားလုံးတွေနဲ့ ပစ်ပေါက်ပြီးတိုက်ခိုက်လိုက်တာပါ ။ သူ့ဒိုင်ယာလော့ခ်တွေကလည်း အတိအကျဖော်ပြစရာ ပိဋကတ်စာအုပ်က အနားမရှိဘူး။
ဟောဒီမှာ ဆရာမကြီးဒေါ်မြတင်ရဲ့ အင်္ဂလိပ်ဘာသာပြန်မူလေးတော့ ရှိလေရဲ့။
'' I came along with my master when he left the palace for the forest. At that time, I was only one companion of my Master and there was no one else. But now Sariputta and Moggallana are saying 'we are the Chief Disciples, and are strutting about the place.''
“ င့ါအရှင် တောရပ်မြိုင်မှီးဖို့ ထွက်တော်မူစဉ်က ငါပဲ လိုက်ပါခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါကလွဲလို့ ဘယ်သူမှ ငါ့အရှင်ရဲ့ အဖော် မရှိခဲ့ဘူး။ ခုချိန်မှ ဒီသာရိပုတ္တရာ မောဂ္ဂလာန်တို့က “ ငါတို့က အဂ္ဂမဟာသာဝက” ဆိုပြီး နေရာကောင်းယူကြတာပဲ” တဲ့။
သူပစ်ပေါက်လိုက်တဲ့စကားလုံးတွေက အရိယာအရင့်အမာကြီးတွေအတွက် ဘယ်လိုမှ ထိရှစရာမရှိ လေတော့ ပစ်ပေါက်သူဆီကိုပဲ ပြန်ဝေ့လာပါတယ်။ သူ့စကားလုံးတွေက အရိယာရဟန်းတွေ အတွက် တရားသံဝေဂပွားစရာဖြစ်သလို ပုထုဇဉ်ရဟန်းတွေအတွက်တော့ ထိတ်လန့် သွေးပျက် ဖွယ်ရာပါ။ သာသနာတော်ရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးနှစ်ပါးကို ထိပါးဝေဘန်နေတာဆိုတော့ ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ပြောနေတဲ့ ပုဂ္ဂိုလ်ကလည်း အညတရ မဟုတ်ပြန်တော့ တုန့်ပြန်စကားဆိုဖို့လည်း မရှိပြန်ပါဘူး။
ဒီတော့လည်း ဘုရားရှင်ဆီကိုပဲ သတင်းပို့ရတော့တာပါ။ ဘုရားရှင်ကလည်း သနားကရုဏာကြီးစွာ သုံးကြိမ်တိုင်တိုင် ခေါ်ပြီးဆုံးမတော်မူပါတယ်။ ဘုရားရှေ့ရောက်တော့လည်း ရှင်ဆန္နက အပိုးကျိုးပါတယ်။ ပြန်မပြောနားမထောင်လုပ်ခဲ့တာပါ။ ဘုရားရှေ့မှောက်က လွန်တာနဲ့ သူ့မူလပုံရိပ်က ထင်းထင်းကြီးပြန်ဖြစ်သွားတာပါ။
စုစုဝေးဝေးရှိပြီဆို ကျယ်ကျယ်လောင်လောင်ပဲ ဘုရားရှင်တောထွက်ခဲ့တဲ့ လွန်ခဲသော ၀ါဆိုလပြည့်ညတစ်ညဆီ ပြန်ရောက်သွားတော့တာပါပဲ။
အပြောခက်လှတဲ့ သူ့အတွက်လည်း ၀ိနည်းပိဋကတ်မှာ ဥပဒေအသစ်တွေ ထုတ်ပြန်ရတဲ့အထိ ပွဲဆူစေခဲ့တာပါ။ ဒုဗ္ဗစပုဂ္ဂိုလ် (အပြောရခက်သူကြီး) ရယ်လို့လည်း အော်ကြောလန်တော့ပါပဲ။ ဒါပေမယ့် သူကတော့ သူ့မူအတိုင်း ခေါင်းမာစွာ တင်းခံနေဆဲပါ။
ရဟန်းတွေကလည်း သူနဲ့ဆက်ဆံရမှာ ခပ်လန့်လန့် ဖြစ်ကုန်ကြပေမယ့် “သမဂ္ဂေါ ဟိ သံဃော ” ဥပဒေသက ရှိနေပြန်တော့ သံဃာညီညွတ်ရေးကို ရှေးရှုပြီး သံဃာ့အစည်းအဝေးတွေမှာတော့ ပေါင်းဖက်ဆက်ဆံနေခဲ့ရပါတယ်။ ဒါပေမယ့် ရဟန်းတွေရဲ့ နားကိုတော့ ရှင်ဆန္နရဲ့စကားလုံးတွေက အကြမ်းဖက်နေကြဆဲပါ။
ဘုရားရှင်ကလည်း နောက်ဆုံးကရုဏာအခွင့်ပေးတော်မူတဲ့အနေနဲ့ အနားမှာ ခေါ်ယူပြီး ဒီဂါထာလေးနဲ့ စေ့စပ်တော်မူခဲ့ပါသေးတယ်။
န ဘဇေ ပါပကေ မိတ္တေ၊
န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ
ဘဇေထ ပုရိသုတ္တမေ။
သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။
လက်ျာရံ လက်ဝဲရံပုဂ္ဂိုလ်ကြီးနှစ်ပါးဟာ သာသနာတော်အတွင်းမှာ မိတ်ဆွေများသာဖြစ်ကြောင်း၊ထိုပုဂ္ဂိုလ်မြတ်နှစ်ပါးကို မိတ်ကောင်းဆွေကောင်းများအဖြစ် ပေါင်းဖက်သင့်ကြောင်း ဖျောင်းဖျတော်မူခဲ့ပါတယ်။ ဒါပေမယ့် တကယ့် ဒါပေမယ့်ပါပဲ ဘုရားရှင်ကိုယ်တိုင် လက်လျှော့ရအောင် ရှင်ဆန္နရဲ့ ခေါင်းမာမှုက ပြောင်မြောက်ခဲ့တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ရှင်ဆန္နဟာ ဘုရားအားကိုးနဲ့ နွဲ့ဆိုးကြီးဆိုးနေတယ်လို့မြင်တော်မူခဲ့သလို ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိသမျှတော့ ရှင်ဆန္နရဲ့ အမူအကျင့်တွေပြောင်းလဲမှာ မဟုတ်ကြောင်းလည်း သိတော်မူခဲ့ပါတယ်။
ဒီတော့ ကိုယ်တော်မြတ်ရဲ့ နောက်ဆုံးထွက်သက်တော်နီးကပ်လာချိန်မှာ ရှင်အာနန္ဒာကို အပါးခေါ်ပြီး ရှင်ဆန္နအပေါ် မဟာကရုဏာကြီးစွာပဲ အကောင်းဆုံး ချဉ်းကပ်မှုတစ်ခုကို မှာထားတော်မူခဲ့ပါတယ်။ အဲဒါကတော့ ဗြဟ္မဒဏ္ဍ(မြတ်သောဒဏ်ပေးခြင်း) လို့ခေါ်တဲ့ အဖက်မလုပ်ရေးမူဝါဒပဲဖြစ်ပါတယ်။ {Brahmadanda (for the Monks to simply ignore Channa and to have nothing to do with him)} သာသနာတော်တွင်းမှာ ရှိသမျှ သံဃာတော်အားလုံး ရှင်ဆန္နနဲ့ အဖက်မလုပ်စေရ ဆိုတဲ့ အမိန့်ပြန်တမ်းထုတ်ပြန်ထားတော်မူခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်လိုပြောရရင်တော့ Sanction လုပ်လိုက်တဲ့သဘောပါပဲ။ ဂါထာရဲ့ ဒုတိယအပိုဒ်ကို ရှင်ဆန္နက မလိုက်နာတော့ ပထမပိုဒ်အတိုင်း အရေးယူလိုက်ရတာပါ။
(၆)
ဘာပဲဖြစ်ဖြစ် ရှင်ဆန္နက ခေါင်းမာပေမယ့် ပါရမီရှင် သူတော်ကောင်းကြီးတစ်ပါးပါ။ ဘုရားရှင်နဲ့ တစ်နေ့တည်းမွေးဖွားလာတဲ့ ဖွားဖက်တော်တစ်ဦးဖြစ်သလို ဘုရားရှင်ရဲ့ နိက္ခမပါရမီတော်အခန်းမှာ နောက်တော်ပါအဖြစ် ၀န်ထမ်းခွင့်ရအောင်ကုသိုလ်ထူးတဲ့သူလည်း ဖြစ်ပါတယ်။ ပုထုဇဉ်သွေးကြွပြီး မာနတလူလူနဲ့ ယာယီမြင့် မောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။
ဘုရားရှင် မရှိပြီဆိုမှ သူ့အတွက် ဆန်ခ်ရှင်က အသက်ဝင်တာပါ။ အားလုံးက ၀ိုင်းပယ်လိုက်ကြပါပြီ။ ရဟန်းတွေမှန်သမျှ သူ့နဲ့ ဝေးဝေးရှောင်ကြတော့တာပါ။ ပြောကြစို့ဆိုရင် ရှင်ဆန္နဟာ ဖော်မဲ့ဟင်္သာ သို့မဟုတ် အထီးကျန်ရဟန်းတစ်ပါးဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် ပါရမီတော်ရင့်ကျက်ခဲ့တဲ့ ပုဂ္ဂိုလ်ပီပီ သူတော်ကောင်းဓါတ်က သူ့ကို မာန အမှောင်တိုက်က ပြန်လည်နိုးထစေခဲ့ပါတယ်။ အထီးကျန်မှုတွေရဲ့ နောက်ကွယ်က အကြောင်းတရားကို ရှာဖွေတော့တာပါ။ မိတ်ရင်းဆွေချာ ရှင်အာနန္ဒာဆီ ပြေးကပ်မှ အကြောင်းစုံ သိကာ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးရတော့တာပါပဲ။
လွန်တော်မူလေပြီးတဲ့ ကျေးဇူးရှင်ကြီးရဲ့ သူ့အပေါ်ထားတဲ့ မဟာမေတ္တာ မဟာကရုဏာတော်တွေကို မှန်းဆဦးတင်မိပါတော့တယ်။ ဗြဟ္မဒဏ္ဍဟာ ကျေးဇူးရှင်ကြီးရဲ့ အမြော်အမြင်ကြီးစွာ ချမှတ်ခဲ့တဲ့ သူ့အတွက် ကယ်ပေါက်တစ်ခုအဖြစ် မြင်သွားခဲ့ပါတယ်။ သူပြင်ဆင်ချိန်ရလိုက်ပါတယ်။
ရဟန်းသံဃာတွေကို ပစ်မှားမိသမျှ ၀န်ချတောင်းပန်လို့ ရဟန်းတရားကို အချိန်မီ အားထုတ်နိုင်ခဲ့ပါတယ်။ တကယ်ပါ ဗြဟ္မဒဏ္ဍဟာ ရဟန်းတော်ရှင်ဆန္နအတွက်တော့ ထိရောက်တဲ့ ချဉ်းကပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
(ရဟန္တာအရှင်ဆန္နအား ပူဇော်ဦးခိုက်လိုက်ပါ၏)
                                                                            ဓမ္မဂင်္ဂါ ဆိုဒ်မှာ ကူးယူခဲ့ပါသည်။
Friday, May 27, 2011
လူငယ်များကိုဥိးစားပေးသောဗုဒ္ဓ၀ါဒ.....။
ဗုဒ္ဓ၀ါဒ ဟူသည် လူငယ်များကို ဥိးစားပေးသောဝါဒ၊
လူငယ်များကို နေရာပေးသော ၀ါဒပင် ဖြစ်ပေသည်။
မြတ်စွာဘုရားသည် တရားဟောတော်မူရာ၌အရှင်သာရိပုတ္တရာနှင့်အရှင်မောဂ္ဂလာန်တို့ကို
လက်ျာလက်ဝဲရံ၍ ရှေ့ဆုံးတန်းမှာ နေရာပေးတော်မူပါသည်။
ဒုတိယတန်း၌မူ အညာသိကောဏ္ဍည မထေရ်ကြီးက မြတ်စွာဘုရား၏
နောက်တည့်တည့်မှထိုင်ရပြီး ထိုမထေရ်ကြီး၏ လက်ဝဲလက်ျာ၌
သံဃာတော်များ နေရာယူကြရပေသည်။
သက်တော်ရ မထေရ်ကြီးကို နောက်မှာထားပြီး အဂ္ဂသာဝက နှစ်ပါးကို ရှေ့ဆုံးတန်းမှာ
ဝန်းရံထားခြင်းသည် အရည်အချင်းရှိသော လူငယ်များအပေါ်ထားရှိသော
ဗုဒ္ဓ၏ စိတ်နေသဘောထားကိုဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။
ဤသာဓက ကို ကြည့်ရှူ့၍ ဗုဒ္ဓ၀ါဒ သည်
လူငယ်များကို ဦးစားပေးသော ၀ါဒ ဖြစ်ကြောင်းသိသာထင်ရှား လှပေသည်။
လူငယ်များသည် သွက်လက်သည်၊ ထက်မြက်သည်၊ ရိုးသားသည်၊ ကြိုးစားသည်၊
နိုးကြားသည်၊တိုးပွါးသည်၊ သစ္စာကို မြတ်နိုးသည်၊ ဓမ္မကို မြတ်နိုးသည်၊
သစ္စာကို မြတ်နိုးရာ ဓမ္မကို မြတ်နိုးရာတို့၌ လူငယ်နှင့် လူကြီးလုံးဝမတူညီပေ။
လူငယ်များသည် လူကြီးများထက် ဣနြေ္ဒသိက္ခာနှင့် ကိုယ်ကျင့်တရားဘက်က
အားနည်းသူများရှိကောင်းရှိပေလိမ့်မည်။
သစ္စာကို မြတ်နိုးရာ ဓမ္မကို မြတ်နိုးရာ၌ကား လူကြီးများကလူငယ်များကို လုံးဝမမှီနိုင်၊ လုံးဝမယှဉ်နိုင်ပါပေ။
ထိုလူငယ်များ သစ္စာလမ်းမပေါ်၌ မားမားမတ်မတ် ရပ်တည်နိုင်ရန်၊
ဓမ္မလမ်းကြောင်းအတိုင်းဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရန်
အကောင်းဆုံးသော နည်းလမ်းမှာ ရေဆန်ကိုလှော်ခတ်ပြခြင်းပင် ဖြစ်ပါသည်။
ရေဆန်ကို လှော်ခတ်ရာ၌ သတိရှိရသည်၊ ၀ိရိယရှိရသည်၊ အားမာန်သတ္တိတို့
အပြည့်အ၀ရှိရသည်။ စိတ်ဓာတ်ကြံ့ခိုင်ရသည်၊ ဇွဲကြီးရသည်၊ အကြံဥာဏ်ကောင်းရသည်၊
သို့မှသာ လိုရာခရီးသို့ အရောက်တက်လှမ်းနိုင်မည် ဖြစ်ပေသည်။
ဗုဒ္ဓ၀ါဒ အရ သာသနာပြုခြင်းဆိုသည်မှာ ရေဆန်ကို လှော်ခတ်ခြင်းပင် ဖြစ်သည်။
ရေဆန်ကို လှော်ခတ်ခြင်းဟူသည် လောကရေစီးကြောင်းအတိုင်း လိုက်ပါမသွားဘဲ
ဗုဒ္ဓမျက်နှာကိုသာ ကြည့်ရှူ့၍ အလုပ်လုပ်ရခြင်း ဖြစ်ပေ၏။
လောကရေစီးကြောင်းဆိုသည်မှာ လာဘသက္ကာယ သိလောကကြောင့် အဂတိတရား
လိုက်စားခြင်း၊ ဘုရားမျက်နှာမကြည့်ဘဲ အများမျက်နှာကိုသာ ကြည့်ရှူ့ခြင်း၊
ဓမ္မ ကို မျက်ကွယ်ပြုခြင်းပင် ဖြစ်ပေသည်။
သာသနာတော်ကြီး ရေရှည်တည်တံ့လိုပါလျှင် လောကရေစီးကြောင်းကို
ပြောင်းပြန်ကူးခတ်နိုင်ရပေလိမ့်မည်။ ထိုသို့ ပြောင်းပြန်ကူးရန် စွမ်းနိုင်သူများမှာ
လူငယ်များပင် ဖြစ်ပေသည်။
လောကရေစီးကြောင်းကို ပြောင်းပြန်လှော်ခတ်ခြင်းနှင့် ပတ်သက်၍ ဦးဇင်းတို့ ငယ်စဉ်က
ပညာသင်ရာကြားခဲ့သော မစိုးရိမ်တိုက်သစ်ရှိ မဟာနာယက ဆရာတော်
ဦးရာဇဓမ္မာဘိဝံသအမြဲကျင့်သုံးပြီး အမြဲသြ၀ါဒပေးလေ့ရှိသည့်
ဆောင်ပုဒ်လေး တခုရှိပေသည်။
ထိုဆောင်ပုဒ်မှာ “ မင်းတို့လိမ္မာဖို့ ငါမိုက်ပြမည်” ဟူ၍ ဖြစ်ပါသည်။
ထိုဆောင်ပုဒ်အတိုင်းပင် ဆရာတော် ဦးရာဇဓမ္မ သည် တပည့်များကို အုပ်ချုပ်ရာ၌
ခပ်မာမာ ခပ်တင်းတင်း အုပ်ချုပ်လေ့ရှိပါ၏။ ထိုသို့ စည်းကမ်းတင်းကြပ်စွာ
အုပ်ချုပ်သော်လည်း တပည့်များက ဆရာတော်၏ စိတ်နေသဘောထားနှင့်
စေတနာအရင်းခံကို သိထားပြီး ဖြစ်သောကြောင့် ဆရာတော်အား
ချစ်ကြောက်ရိုသေသောအားဖြင့် ကြည်ညိုလေးစား
အားထားကြသည်ကို တွေရှိရပေသည်။
သို့ဖြစ်၍ အနာဂတ်သာသနာကို သန့်ရှင်းဝင်းပစွာ မြင်လိုပါလျှင် အမိုက်ခံပြီး
စောင့်ရှောက်မည့် လူငယ်များ အစဉ်မပြတ် မွေးဖွါးနိုင်ဖို့ အရေးတကြီး လိုအပ်လှပေ၏။
ဘာသာ သာသနာကို ထိပါးလာလျှင် မခံချင်သော၊ ဓမ္မကို အစွန်းအထင်း မခံလိုသော၊
ဓမ္မနယ်မြေကို တစ်လက်မမျှ အပွန်းပဲ မခံနိုင်သော သွက်လက်ထက်မြက်သည့်
လူငယ်များ ပေါ်ပေါက်လာဖို့ လိုအပ်လှပေ၏။
သို့သော် လူငယ်များ သတိထားရမည်မှာ “၀ိဇ္ဖာ”ဆိုသည့်
လေးစားလောက်သည့် အရည်အချင်းရှိရမည်။
“စရဏ” ဆိုသည့် ကိုယ်ကျင့်တရား၊ ၀ိရိယတရားနှင့် ဣနြေ္ဒသိက္ခာပြည်စုံရပေမည်။
သို့မှသာ အနာဂတ်သာသနာကို ပုခုံးပြောင်း၍ ထမ်းဆောင်နိုင်ပေလိမ့်မည်။
သို့မဟုတ်လျှင်မူ လူငယ်များ၏ ဓမ္မကို မြတ်နိုးသည့်စိတ်၊ သစ္စာကို မြတ်နိုးသည့်စိတ်နှင့်
အားမာန်သတ္တိတို့သည် တိမ်မြုတ်ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုအခါ မျှော်လင့်ချက်မရှိတော့သည့် မျိုးဆက်ကြီးနှင့် ထူးမခြားနားပင်
လောကရေစီးကြောင်းပေါ်တွင် အရှက်မဲ့စွာ မျောပါရလေတော့မည်။
ထိုသို့ဆိုလျှင် သာသနာသည် အဘယ်သို့ ရေရှည်တည်တန့် နိုင်ပါတော့မည်နည်း။
ထိုကြောင့် လူငယ်များကို ၀ိဇ္ဖာနှင့် ပြည့်စုံဖို့၊ စရဏ နှင့် ပြည့်စုံဖို့ တိုက်တွန်းရခြင်း ဖြစ်ပါ၏။
Sunday, May 22, 2011
ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲ ?
အချို့က.....
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"
"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"
"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"
"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"
"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"
"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"
"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"
"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"
"ဘာဖြစ်လို့ပါလဲ ဘုရား"
"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"
"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"
အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"
"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "
"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"
"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"
သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"
"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"
"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"
"မဟုတ်ပါဘုရား"
"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"
"မှန်ပါဘုရား"
"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"
"မှန်ပါဘုရား"
"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"
"မှန်ပါဘုရား"
"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"
"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"
"ရှင်းပါပြီ ဘုရား"
အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...
(ဓမ္မဒူတ အရှင်ပညာဇောတ)
[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊ စာ-၃၀]
Saturday, May 21, 2011
ဗုဒ္ဓဘာသာကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်
ဗုဒ္ဓဘာသာကို “ကမ္ဘာ့ အကောင်းဆုံး”
ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့်
အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို
“ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး” ဘာသာတရားအဖြစ် ဆုချီးမြှင့်ခဲ့ပါတယ်။
အဆိုပါ အထူးတစ်လည်ချီးမြှင့်ခဲ့တဲ့ဆုကို ကမ္ဘာ့ဘာသာပေါင်းစုံမှ
ကိုယ်စားလှယ်၂၀၀ ကျော်က ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ့သြဖွယ်
ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေးခေါင်းဆောင် အများစုက
အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို့
ဘာသာထက်ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ့ ကြခြင်းဖြစ်သည်။
ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးက ပြောဆိုခဲ့ရာတွင်…
အဆိုပါအဖွဲ့ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ့အမွန်မြတ်ဆုံး၊
အကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး။
ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့်
ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။
တစ်ခြားဘာသာများနဲ့ မတူတာကအဲဒါပါပဲ။
တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင်သာ မှားယွင်းခဲ့ယင်ဆိုတဲ့ အတွေးနဲ့
လက်နက်တွေကို အရံသင့် ထားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကို တွေ့ရဖို့
အတော်ခဲယဉ်းပါတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ့အထနဲ့
ဆန့်ကျင်စွာပဲဗုဒ္ဓဘာသာဟာ ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများကို
ဟောကြားခဲ့တာပါပဲ” လို့ဆိုခဲ့ပါတယ်။
Belfast မြို့မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော့
ကက်သလစ်သာသနာကို မြတ်နိုးကိုကွယ်ပေမယ့် လူသားတွေကိုမေတ္တာဂရုဏာထားရန်
ဟောကြားပြီး လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ့ အလိုဆန္ဒ
နားလည်ပါတယ်လို့ ပြောကြတာက စိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ။
ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။
ပါကစ္စတန်က မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Tal Bin Wassad
ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။ အဆိုပါအဖွဲ့ကြီးရဲ့
ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာ မဲပေးရေး
အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော်ဟာ အစ္စလာမ်ဘာသာကို
နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။
သို့သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး
အမျက်ဒေါသတွေထွက်ကြ၊ သွေးမြေကျကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။
ပြောရယင်ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ ”
လို့ပြောခဲ့ပါတယ်။
အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့
“ကျွန်တော်လဲ ကျွန်တော့်ဘာသာဖြစ်တဲ့ ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်။
ကိုယ့်ဘာသာမို့ကိုယ် ဒါဟာကမ္ဘာ ပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့
လည်းထင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရယင် ကျွန်တော်ဟာ
နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံ အားထုတ်နေတာ ၁၉၉၃
ခုနှစ်ကတည်းကပါ။ ဒါကြောင့် အခုလို မဲပေးလိုက်ပါတယ်” လို့ ပြောလိုက်ပါတယ်။
သို့သော် စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ့ကြီးအနေဖြင့်
ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။
သူတို့ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံးက ထိုဆုကိုလက်ခံဖို့ 
ငြင်းပယ် ခဲ့ကြခြင်းဖြစ်သည်။
အဘယ်ကြောင့် ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာ
မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီး ဦးဂုရတ္တက
“ယခုလိုမိမိတို့ဘာသာကို အသိအမှတ်ပြုချီးမြှင့်သည့်အတွက်ဝမ်းမြောက်
ကျေးဇူးတင်ကြောင်း၊ သို့သော် ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှု
နိက္ခမဓါတ်၊ နိဗ္ဗာနဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသား အားလုံးကို
မိမိတို့ မျှဝေပေးအပ်ပါကြောင်း…” မိန့်ကြားခဲ့ပါတယ်။
Thursday, May 19, 2011
နမောတဿ ဘုရားရှိခို စတင်ပူဇော်သူ..........
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဂါထာကို စတင်ရွတ်ဆို ရှိခိုးသူဟာ သိပ်မကြာလှသေးပါဘူး။
ဒီ ကမ္ဘာကနေ ပြန်ရေတွက်လိုက်ရင် သိပ်မကြာလှသေးတဲ့ ဟို......၉၂ ကမ္ဘာထက်မှာ ဖုဿ မြတ်စွာဘုရား ပွင့်တော်မူခဲ့ပါတယ်
အဲဒီ ဖုဿ မြတ်စွာဘုရားရဲ့ ဖခမည်းတော်က မဟိန္ဒ မင်းကြီး တဲ့။
အဲ သူက " ငါ့သား ဘုရား၊ ငါ့သား ဘုရား" လို့ အမြဲ နှလုံးသွင်းပြီး
"မမေ၀ ဗုဒ္ဓေါ၊ မမေ၀ ဓမ္မော၊ မမေ၀ သံဃော၊ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
လို့ အမြဲ ရွတ်ဆို ရှိခိုးလေ့ ရှိပါသတဲ့။ (ဓမ္မပဒ - အဌ၊ ပ၊ ၆၄)
အဓိပ္ပါယ်ကတော့ " ငါ၏ သာလျှင် ဘုရား၊ ငါ၏ သာလျှင် တရား၊ ငါ၏ သာလျှင် သံဃာ ပူဇော်အထူးကို ခံယူတော် မူထိုက်သော တရားအလုံးစုံကို အကုန်အစင် ကိုယ်ပိုင်ဥာဏ်ဖြင့် အမှန်အတိုင်း သိမြင်တော် မူထသော ထိုမြတ်စွာ ဘုရားအား ရှိခိုးပါ၏ အရှင်ဘုရား" လို့ ဆိုလိုပါတယ်။
ဒီ နမောတဿ ကို ရွတ်ဆိုရှိခိုးရာ မှာ ၉၂ ကမ္ဘာထက် က ဒီ မဟိန္ဒ မင်းကြီး ထက်ရှေးကျတဲ့ ပုဂ္ဂိုလ်တော့ မရှိသေးဘူး လို့ ဆိုရမှာပါပဲ။